ကိုယ်ဝန်ဆောင်ချိန်မှာ ၂ ယောက်စာ စားပေးဖို့ တကယ် လိုအပ်ရဲ့လား
ကိုယ်ဝန်ရှိပြီဆိုရင် အရပ်ထဲမှာ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။ ဒါကတော့ ကလေးရှိနေပြီ ဆိုတော့ အရင်လို တစ်ယောက်တည်း မဟုတ်တော့ဘူး။ မိခင်က စားမှ ကလေးက အာဟာရ ဖြစ်မှာ များများစားနော်။ အရင်ကထက် ပိုစား ဆိုတာမျိုးပါ။
ဒီလိုနဲ့ ကလေးကို ထိခိုက်မှာစိုးပြီး အသစ်စက်စက် မေမေတို့က ၂ ယောက်စာပဲ စားရမလို၊ မဆာဘဲလည်း ကလေး မထွားမှာစိုးလို့ဆိုပြီး အတင်းစားရမလိုတွေ ဖြစ်ကုန်ပါရော။ ဒီအကြောင်းလေးကို အခုတစ်ခေါက် ရှင်းပြဖို့ စိတ်ကူးထားပါတယ်။ အတူတူ လိုက်ပါ ဖတ်ရှုပေးပါဦးနော်။
ကိုယ်ဝန်ဆောင်ချိန်မှာ အစားကို ဆာဆာ၊ မဆာဆာ စားရမယ်။ အရင်ကထက် ပိုစားရမယ်။ ၂ ယောက်စာ စားရမယ်ဆိုတာက တကယ်ကတော့ ယုံတမ်းစကား သက်သက်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တစ်ယောက်အနေနဲ့ ဗိုက်ထဲက ရင်သွေးလေး ကောင်းကောင်းမွန်မွန် ကြီးထွားလာပြီး ကျန်းမာပျော်ရွှင်စွာ မွေးဖွားလာစေဖို့အတွက် မိခင်က အာဟာရ ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ တစ်နေ့ကို ၂ နပ် ကနေ ၃ နပ်တော့ ပုံမှန် စားသုံးပေးဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ကာလ ပထမ ၆ လမှာ ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေကို ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။ ဒါကလည်း ပုံမှန် စားသုံးနေကျ အစားအစာတွေထဲမှာ အာဟာရ အုပ်စု စုံစုံလင်လင် ပါဝင်အောင် စားသုံးပေးဖို့သာ အဓိကပါပဲ။
တကယ်လို့ မလိုအပ်ဘဲ အစားတွေကို ၂ ယောက်စာ စားတာမျိုး၊ လိုတာထက် ပိုစားတာမျိုးတွေ လုပ်ဆောင်မယ် ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ လိုတာထက် ပိုစားတာက ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အစားတွေကို လိုတာထက် ပိုစားမယ်ဆိုရင်တော့ အဝလွန်တာအပြင် ကိုယ်ဝန်ဆောင် ဆီးချို၊ ကိုယ်ဝန်ဆောင် သွေးတိုးတွေကို ဖြစ်စေနိုင်သလို ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင် ကာလ တိုးလာလေလေ အာဟာရ လိုအပ်ချက်က ပိုလာလေလေပါ။ ဒါပေမယ့် ၂ ယောက်စာ စားဖို့တော့ မလိုပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ပထမ ၆ လရောက်ပြီဆိုရင်တော့ ဗိုက်ထဲက ရင်သွေးလေး ကောင်းကောင်း ဖွံ့ဖြိုးလာစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ကယ်လ်လိုရီ ၂၀၀၀ ဝန်းကျင် ပါဝင်ဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လတ်ထဲ ရောက်လာပြီဆိုရင်တော့ ပုံမှန် လိုအပ်နေကျ ကယ်လ်လိုရီထက် ၂၀၀ လောက် ထပ်ဆောင်း လိုအပ်မှာပါ။
နောက်တစ်ခု သတိထားရမှာက ကိုယ်ဝန်ဆောင်ချိန်မှာ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အမြန်စား အစားအစာတွေကို မစားဖို့ပါ။ အစာအာဟာရကို စုံလင်အောင် စားသုံးရာမှာ ထမင်း၊ ပဲ အမျိုးမျိုး၊ အသား၊ ငါး၊ ဥအမျိုးမျိုး စတာတွေကို စားသုံးဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး တိုင်းတာစစ်ဆေးပြီး အစာအာဟာရကို သေချာ ဂရုစိုက်ပေးတာက ကိုယ်ဝန်ဆောင်မိခင်ကိုရော ဗိုက်ထဲက ရင်သွေးလေးကိုပါ ကျန်းမာစေမှာပါ။ အစားတွေကို မလိုအပ်ဘဲ စားသုံးတာ ၂ ယောက်စာ စားတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ် မြင့်တက်စေပြီး ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ပြည့်ဝမျှတအောင်ပဲ စားပါ။ ၂ ယောက်စာ စားတာမျိုး မလုပ်ပါနဲ့။
မွန်မွန်